ရွေးကောက်ပွဲရန်ပုံငွေ

ဦးသုဝေ ခေါင်းဆောင်သော ဒီမိုကရက်တစ် ပါတီ (မြန်မာ) သည်၊ ပြည်ထောင်စု မြန်မာနိုင်ငံသား များအား “က” နေသော ဥဒေါင်းပမာ၊ ပျော်ရွှင်မြူးထူး နိုင်ရန် ရည်ရွယ် ပါသည်။ သို့အတွက် လွှတ်တော် ကိုယ်စားလှယ် ကောင်းများ ရွေးကောက် နိုင်ရေး အလို့ငှာ၊ ရန်ပုံငွေ ကောက်ခံလျက် ရှိပါသည်။

ရန်ကုန်၊ ကမ္ဘောဇ ဘဏ်၊ လှိုင်ဘဏ်ခွဲ
ဦးသုဝေ – ဦးအုန်ကြိုင်
ငွေစာရင်း အမှတ် – ၀၄၄၁၀၂၄၄၀၀၈၅၃၅၀၁

ဖုန်း – ၀၉၅၀၈၄၉၆၃
အမှတ် ၁၂၊ အောင်မင်္ဂလာ လမ်း
ကျောက်မြောင်း၊ တာမွေ၊ ရန်ကုန်။

ကျေးဇူးတင်ပါသည်။

(၆၈)နှစ်မြောက်ပြည်ထောင်စုနေ့ တွင် ဒီမိုကရက်တစ်ပါတီ(မြန်မာ) မှ အတွင်းရေးမှူးချုပ် ဒေါ်သန်းသန်းနု၏ မိန့်ခွန်း
ဒီနေ့ ကျမတို့ အားလုံး ပြည်ထောင်စုနေ့ အခမ်းအနား ကျင်းပ နေချိန်မှာ၊ ပြည်ထောင်စုနေ့ဟာ လွတ်လပ်ရေးရဲ့ ရှေ့ဆောင်၊ လွတ်လပ်ရေး အတွက် အင်အား တခုလဲ ဖြစ်တယ်ဆိုတာ မေ့ထားလို့ မရပါဘူး။
ဗြိတိသျှ နယ်ချဲ့တွေဟာ မြန်မာ နိုင်ငံကို မတတ်သာတဲ့ အဆုံး လွတ်လပ်ရေး ပေးကို ပေးရတော့မယ်ဆိုတာ သိနေတ ကြားက၊ ရသမျှ လှည့်ပတ်ပြီး သူတို့ လက်ထဲက ရာနှုံးပြည့် ရုံးမထွက် နိုင်အောင် စီစဉ် ဆောင်ရွက် ခဲ့ပါတယ်။ လွတ်လပ်ရေး ပေးရတဲ့ တိုင်အောင် တောင်တန်းနဲ့ မြေပြန့် စိတ်ဝမ်း ကွဲအောင် ဆက်ပြီး ဖန်တီး ချင်ခဲ့ ကြပါတယ်။ သဘော ကတော့ လူမျိုးစု တိုင်းရင်းသား တွေနဲ့ ဗမာတွေ ကြားမှာ စိတ်ဝမ်း ကွဲပြားမှု ရှိအောင် ဆက်ပြီး ကြိုးစားချင် တာပါဘဲ။
ဗြိတိသျှ တွေဟာ အခါအခွင့် သင့်တိုင်း ဗမာတွေဟာ လူမျိုးစု ရှမ်း၊ ချင်း၊ ကရင် စတဲ့ လူနဲစုတွေ အပေါ် အခွင့်အလမ်း ရရင် ရသလို ဖိနှိပ် ညှင်းပမ်း ချင်ကြတယ်လို့ ဝါဒဖြန့်ခဲ့ ကြတယ်။ ဥပမာ မင်းကြီးရန်နောင်က သိုဟန်ဘွား ကို သုတ်သင် လိုက်တာနဲ့ ပါတ်သက် ပြီးတော့လဲ ဗမာက ရှမ်းကို စော်ကားတာဘဲလို့ ဗြိတိသျှတွေက သူတို့ရဲ့ ရာဇဝင် မှာ ဝါဒဖြန့်ခဲ့တယ်။ တကယ်တော့ မင်းကြီးရန်နောင် ကိုယ်တိုင် မင်းလုပ်ချင်လို့ မဟုတ်ဘဲ၊ ကုန်းဘောင် စော်ဘွားကို ဗမာတွေ အပေါ် မင်းလုပ်ပါ ဆိုပြီး အခွင့် အရေး ပေးချင် လို့ပါဘဲ။ နောက်သာဓက တခုအနေနဲ့ သီပေါမင်းကို အင်္ဂလိပ်တွေ ဖမ်းသွား တုန်းက မဟာမြတ်မုနိ ဘုရားကြီးထဲက လူငါးရာနဲ့ ဓါးထမ်းပြီး သီပေါမင်းကို ပြန်လုဖို့ စောင့်နေသူ ဟာ တခြား မဟုတ်ပါဘူး။ ညောင်ရွှေစော်ဘွားကြီးဘဲ ဖြစ်ပါတယ်။ ဒီအချက်တွေကို ကြည့်ရင် ဗမာနဲ့ တိုင်းရင်းသား တွေရဲ့ ချစ်ကြည် ရင်းနှီးမှုကို သိရှိ ကြမှာ ဖြစ်ပါတယ်။
လွတ်လပ်ရေး ရခါနီး တောင်တန်းနဲ့ မြေပြန့် ပေါင်းစည်းရေး အတွက် ဗမာ ခေါင်းဆောင်တွေ အစွမ်းကုန် ကြိုးပမ်း ခဲ့ကြပါတယ်။ ပင်လုံအကြို အစည်း အဝေးကို ၁၉၄၆ ခုနှစ် ဖေဖော်ဝါရီလ(၁) ရက်နေ့ကနေ (၁၂) ရက်နေ့ အထိ ကျင်းပခဲ့ပါတယ်။ အဲဒီ စည်းဝေးပွဲဟာ ပင်လုံ ညီလာခံကြီး မတိုင်မီ စည်းလုံး ညီညွတ်ရေး အတွက် ကျင်းပခဲ့တာ ဖြစ်ပါတယ်။ ရှမ်းပြည်နယ် တခုထဲ မဟုတ်ဘဲ၊ ဗိုလ်ချုပ်အောင်ဆန်းက သခင်နု၊ မန်းဘခိုင် နဲ့ ဦးဘဂျမ်း တို့ကို ရခိုင်ဘက် စေလွှတ်ပြီး ညီညွတ်ရေး တရား ဟောစေ ပါတယ်။ ညီညွတ်ရေး အင်အား အတော် ကောင်းလာပြီလို့ ထင်ရ ချိန်မှာ ဗိုလ်ချုပ်အောင်ဆန်းက ၁၉၄၆ ခုနှစ် ဒီဇင်ဘာလ အတွင်း မြန်မာ ကိုယ်စားလှယ် အဖွဲ့ကို ဦးဆောင်ပြီး အင်္ဂလန် သွားခဲ့ ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း ကတော့ တနှစ်အတွင်း လွတ်လပ်ရေး ရရှိ ရမယ်ဆိုတဲ့ ကြွေးကြော်သံကို ကိုင်ဆွဲပြီး သွားခဲ့တာ ဖြစ်ပါတယ်။ အဲဒီလို ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်လဲ အင်္ဂလန်ကို သွားတယ်။ ကျန်ဗမာ ခေါင်းဆောင် တွေကလဲ မြန်မာ နိုင်ငံမှာ စည်းလုံးရေး တရားတွေ ဟောပြောလို့ အောင်မြင်မှု ရနေတဲ့ကြားက ဗိုလ်ချုပ်နဲ့ ဗြိတိသျှ ဝန်ကြီးချုပ် မစ္စတာ အက်တလီတို့ သဘော တူညီချက် ရခါနီး ကျမှ ရှမ်းစော်ဘွား တချို့ကနေ ဗိုလ်ချုပ်ကို ဗမာ တနိုင်ငံလုံးရဲ့ ကိုယ်စားလှယ် မဟုတ်ဘူး ဆိုပြီး ကြေးနန်း ပို့လိုက် ပါတယ်။ ဒါဟာ အင်္ဂလိပ် တို့ရဲ့ ကစားကွက်ဘဲ ဆိုတာ အားလုံး သိနိုင် ပါတယ်။ မြန်မာနိုင်ငံမှာ ကျန်ခဲ့တဲ့ ခေါင်းဆောင်တွေ အချိန်မီ ကြိုးပမ်း နိုင်လို့သာ ချင်းနဲ့ ရှမ်းမျိုးချစ်တွေ စုပေါင်းပြီး“ ဗမာ နဲ့ ရှမ်း ပူးပေါင်း ဆောင်ရွက်မည်။ မြန်မာကို လွတ်လပ်ရေး ပေးသလို ရှမ်းကိုလဲ ပေးရမည်” စတဲ့ ကြေးနန်းစာ အသစ် အချိန်မီ ပို့နိုင် ခဲ့ပါတယ်။ ၁၉၄၇ ခုနှစ် ဇန္နဝါရီလ (၂၇) ရက်နေ့မှာ အောင်ဆန်း- အက်တလီ စာချုပ် ချုပ်ဆို နိုင်ခဲ့ပါတယ်။ အဲဒီ စာချုပ်မှာ ပင်လုံ ညီလာခံကို မြန်မြန်ဆန်ဆန် ခေါ်ယူဖို့ အချက်လဲ ပါဝင် ပါတယ်။ ပင်လုံ ညီလာခံ ခေါ်ယူတဲ့ အခါ ဗိုလ်ချုပ်အောင်ဆန်းက ပြည်နယ် ပြည်မ ပေါင်းစည်းရေးကို မီးမောင်းထိုး ဖေါ်ပြပါတယ်။ မြန်မာ နိုင်ငံအတွင်း ဗမာ အပါအဝင် တိုင်းရင်းသား အားလုံး ချစ်ကြည် သင့်မြတ်မှု၊ စည်းလုံး ညီညွတ်မှုကို နယ်ချဲ့ အင်္ဂလိပ်က နှောက်ယှက် နေတာဖြစ်ပါတယ်။ စည်းလုံး ညီညွတ်မှလဲ ငြိမ်းချမ်း သာယာ ဝပြောတဲ့ လွတ်လပ်ရေး ရမယ် ဆိုတာ အဲဒီ အချိန် ကလဲ သတိပြုရမယ်။ အခုလဲ သတိပြုဖို့ လိုပါတယ်။ နယ်ချဲ့လို့ ပြောတဲ့အခါ စစ်လက်နက် ပစ္စည်းတွေ စစ်တပ်တွေ ဝင်ရောက် နေရာယူမှ နယ်ချဲ့လို့ ပြောရမှာ မဟုတ်ပါဘူး။ အခုမျက်မှောက် ခေတ်မှာ ဆိုရင် စီးပွားရေးနယ်ချဲ့ ကြတယ်။ လူမှုရေး နယ်ချဲ့ ကြတယ်။ နိုင်ငံရေး နယ်ချဲ့ ကြတယ်။ သဘာဝ သယံဇာတ နယ်ချဲ့ ကြတယ်။ ဒီနယ်ချဲ့ မှုတွေ အားလုံးဟာ နိုင်ငံ တနိုင်ငံရဲ့ အချုပ်အခြာ အာဏာ ပိုင်စိုးမှုကို အင်အား လျော့နဲစေတဲ့ ဝင်ရောက် စွက်ဖက်မှု တွေပါဘဲ။ အခု မြန်မာ နိုင်ငံမှာ ဒီမိုကရေစီ အသွင် ကူးပြောင်းရေး ကာလအဖြစ် သတ်မှတ် ထားချိန် မှာ နိုင်ငံတကာက စီးပွားရေး လုပ်ငန်းတွေ တိုးချဲ့ အဆင့်မြှင့်တင် ပေးလိုတယ် ဆိုတဲ့ အပြောတွေနဲ့ ရင်းနှီး မြှုပ်နှံမှုတွေ ပြုလုပ်ဖို့ ကမ်းလှမ်း နေကြတာတွေ တွေ့ရမှာပါ။ ကျမတို့ နိုင်ငံဟာ ၁၉၆၂ ခုနှစ် စစ်တပ် အာဏာ သိမ်းပြီးချိန်ကစလို့ စက်မှုရော၊ လယ်ယာ ကဏ္ဍမှာရော ကဏ္ဍစုံ ချွတ်ခြုံ ကျနေ တာကြောင့် နိုင်ငံတကာရဲ့ အကူအညီ ယူကိုယူရမှာပါ။ နည်းပညာပိုင်းရော၊ ရင်းနှီး မြှုပ်နှံမှုရော လိုအပ်ပါတယ်။ ငွေကြေး ထောက်ပံ့မှုပါ လိုအပ်ပါတယ်။ ဒါပေမဲ့ စီးပွါးရေး နယ်ချဲ့ ခံရတာမျိုး မဖြစ်ရ လေအောင် ရင်းနှီး မြှုပ်နှံမယ် ဆိုကထဲက ရင်းနှီးမြှုပ်နှံဖို့ ရွေးခြယ်တဲ့ ကဏ္ဍ အတွက် စက်ရုံ အလုပ်ရုံ တည်ဆောက်မဲ့ နေရာက ဒေသခံတွေ အကျိုး မထိခိုက်ဘဲ အကျိုး ဖြစ်ထွန်းရေး၊ အဲဒီ ဒေသရဲ့ သဘာဝ ပါတ်ဝန်းကျင် မထိခိုက်ရေး၊ ဒေသခံ အလုပ်သမားတွေ အကျိုး ခံစားခွင့် အပြည့်အဝ ရရှိရေး စတဲ့ အချက် တွေကို ဦးစားပေး ဆွေးနွေးပြီးမှ ရင်းနှီး မြှုပ်နှံမဲ့ သူတွေကို ခွင့်ပြုရမှာ ဖြစ်ပါတယ်။ အဲဒီလိုမှ မဟုတ်ရင် စီးပွါးရေး နယ်ချဲ့မှု ကနေ သဘာဝ ပါတ်ဝန်းကျင် နယ်ချဲ့ ခံရတာတို့၊ လူမှုရေး နယ်ချဲ့ ခံရတာတို့ တဆက်ထဲ ဖြစ်ပေါ် နိုင်ပါတယ်။ အခုလဲ ကျမတို့ ဒီအခြေအနေ ဆိုးတွေနဲ့ ကြုံတွေ့နေရဆဲပါဘဲ။ တကယ်လို့ တိုင်းရင်းသားတွေ စည်းလုံး ညီညွတ်မှု မရှိဘူး ဆိုရင် ပြည်ပက အသွင် အမျိုးမျိုးနဲ့ နယ်ချဲ့ လိုသူတွေ အတွက် အခွင့်ကောင်းတရပ် ဖန်တီးပေးရာ ရောက်ပါလိမ့်မယ်။ အခု ကျမတို့ နိုင်ငံမှာ လူကုန်ကူးမှုတွေ မူးယစ်ရူးသွပ် စိတ်ကြွဆေးတွေ အတားအဆီး မရှိ ဝင်ရောက်မှု တွေဟာ လူမှုရေး အရ နယ်ချဲ့ ခံနေရ တာပါဘဲ။ နယ်စပ် ဒေသတွေ ကနေ အဆီးအတား မရှိ လူတွေ စိမ့်ဝင် နေတာလဲ လူမှုရေး နယ်ချဲ့ ခံနေရ တာပါဘဲ။ (တရုပ်ပြည်မှာ နယ်ချဲ့အင်္ဂလိပ်တွေက ဘိန်းစစ်ဆင်နွှဲခဲ့သလိုပါဘဲ။)
မြန်မာနိုင်ငံ လွတ်လပ်ရေး အတွက် ပင်လုံညီလာခံ ဒါမှမဟုတ် ပြည်ထောင်စုနေ့ဟာ ရှေ့ဆောင်၊ လွတ်လပ်ရေး အတွက် အင်အား တခုဘဲလို့ ကျမ ပြောခဲ့ ပါတယ်။ ပင်လုံညီလာခံ ကျင်းပဖို့တောင် အခက်အခဲ အမျိုးမျိုး ကြုံတွေ့ ခဲ့ရ ပါတယ်။ တိုင်းရင်းသား တွေနဲ့ စည်းလုံး ညီညွတ်ရေး ရဖို့ ဗမာ ခေါင်းဆောင်တွေ အစွမ်းကုန် ကြိုးပမ်း ဆောင်ရွက်ခဲ့ ရပါတယ်။ ၁၉၄၇ ခုနှစ် ဖေဖေါ်ဝါရီလ (၁၂) ရက်နေ့က ပင်လုံ ညီလာခံကြီး ကနေ တဆင့် ကြံ့ခိုင်တဲ့ ပင်လုံ စာချုပ်ကြီးကို မွေးထုတ် ပေးခဲ့ပါတယ်။ အဲဒီနေ့မှာ “ပြည်ထောင်စု မြန်မာနိုင်ငံတော်” ဆိုပြီး တိုင်းရင်းသားတွေ စုစည်းနေထိုင်မဲ့ “လွတ်လပ်တဲ့ နိုင်ငံတော် ဖြစ်မြောက်ရေး အတွက် အုတ်မြစ် ချပေးခဲ့လို့ အဲဒီနေ့ဟာ “ပြည်ထောင်စုနေ့” အဖြစ်” ပေါ်ပေါက် လာပါတယ်။ (၆၈)နှစ်မြောက် ပြည်ထောင်စုနေ့ မြတ်ကနေ ရာထောင်ချီပြီး ကမ္ဘာတည် သရွေ့ ဂုဏ်ယူနိုင်ရေး အတွက်၊ ကျမတို့ အားလုံးမှာ တာဝန် ရှိပါတယ်။

(၆၈)နှစ်မြောက် ပြည်ထောင်စုနေ့ တွင် ဒီမိုကရက်တစ်ပါတီ(မြန်မာ) ဥက္ကဌကြီးဦးသုဝေ၏
မိန့်ခွန်း
ရဲဘော်တို့-
ပြည်ထောင်စုနေ့နဲ့ ပတ်သက်ပြီး ဒို့လူငယ်တွေ နားလည်အောင် ရှင်းပြချင်တယ်။ လွန်ခဲ့တဲ့ (၆၈) နှစ်မှ စပြီး ဒို့နိုင်ငံကို “ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်” လို့ ခေါ်ကြတယ်။ အဲဒါ (၁၉၄၇) ခုနှစ်က ဖြစ်တယ်။ (၁၉၄၇) ခုနှစ်မတိုင်မီ မြန်မာ့ သမိုင်း တလျှောက်လုံး မှာတော့ “ မြန်မာနိုင်ငံ” လို့ဘဲ ခေါ်တယ်။ “ပြည်ထောင်စု” ဆိုတဲ့ စကားလုံး မပေါ်သေးဘူး။
ဒို့အခု နေထိုင် နေကြတဲ့ ပြည်ထောင်စု မြန်မာ နိုင်ငံတော်ကြီး ထဲမှာ တိုင်းရင်းသား လူမျိုးပေါင်း (၁၃၅) မျိုးရှိတယ်။ နိုင်ငံ သမိုင်း အစပိုင်း တုန်းက ဒီတိုင်းရင်းသား လူမျိုးစု တွေဟာ၊ သူ့အစု ကိုယ့်အစု လေးတွေအဖြစ် နေခဲ့ကြတယ်။ မြန်မာ နိုင်ငံ ရယ်လို့ ကမ္ဘာက အသိအမှတ် ပြုထားတဲ့ နယ်ပယ် အကျယ်အဝန်း ကိုတော့ လွန်ခဲ့တဲ့ (၁၁)ရာစု နှစ်တုန်းက တည်ထောင် တာဖြစ်တယ်။ (၁၁) ရာစု ဆိုတော့ အခု အနှစ် တစ်ထောင် ရှိပြီပေါ့။ ပုဂံခေတ် ဗမာ ရှင်ဘုရင် ဖြစ်တဲ့ အနော်ရထာ မင်းစောက တည်ထောင်တာပါ။
မြန်မာ့ သမိုင်း တလျှောက်မှာ တန်ခိုးကြီးတဲ့ မင်းတွေက နိုင်ငံတော်ကို ထိန်းထား နိုင်ပြီး၊ အုပ်ချုပ်ရေး ညံ့ဖျင်းတဲ့ မင်းတွေ လက်ထက်မှာ တစ်နယ် တစ်မင်း အကွဲကွဲ အပြားပြား ဖြစ်သွားတယ်။ ရှိရင်းစွဲ မြန်မာ နိုင်ငံနယ် ပယ်ကြီးကို ဆက်လက် တည်တံ့အောင် (၁၆) ရာစု တောင်ငူခေတ် ဘုရင့်နောင်ကျော်ထင် နော်ရထာမင်းရယ်၊ ကုန်းဘောင်ခေတ် (၁၈) ရာစုနှစ်၊ အလောင်းဘုရားမင်း တို့က ကြိုးပမ်း တည်ဆောက် ခဲ့ကြတယ်။ (၁၉) ရာစုနှစ်(၁၈၈၆) ခုနှစ် နှစ်ဆန်း (၁) ရက်နေ့မှာ ဗြိတိသျှ နယ်ချဲ့သမား များက၊ သီပေါမင်း၊ မိဖုရား မိသားစုကို ဖမ်းဆီးပြီး အိန္ဒိယသို့ ပို့လိုက်ပါတယ်။ မြန်မာ နိုင်ငံဟာ ဗြိတိသျှ တို့ရဲ့ ကိုလိုနီ ကျွန်ဘဝသို့ ရောက်ရှိ သွားပါတယ်။
အဲဒီအချိန်မှ စပြီး မြန်မာတိုင်းရင်းသား လူမျိုးများနဲ့ နိုင်ငံသား များဟာ မြန်မာနိုင်ငံ လွတ်လပ်ရေး ပြန်လည် ရရှိရေး အတွက်၊ အနုနည်း၊ အကြမ်းနည်း၊ နည်းမျိုးစုံနဲ့ သက်စွန့် ကြိုးပမ်း ဆောင်ရွက် ကြတယ်။ အနှစ်(၆၀) ကျော် အခက် အခဲတွေ ကြားထဲမှ ရုန်းကန် လှုပ်ရှား ခဲ့ရတယ်။ ဒါ့အပြင် ဗြိတိသျှ နယ်ချဲ့ သမား တွေက တိုင်းရင်းသား အချင်းချင်း သွေးကွဲအောင်၊ မြန်မာ ပြည်မ ဒေသ နဲ့ တောင်တန်း ဒေသဆိုပြီး သွေးခွဲ အုပ်ချုပ်တယ်။
နောက်ဆုံး (၁၉၄၇) ခုနှစ်မှာ၊ ဗိုလ်ချုပ် အောင်ဆန်း ခေါင်းဆောင်တဲ့ မြန်မာ ကိုယ်စားလှယ် အဖွဲ့ ဟာ အင်္ဂလန် နိုင်ငံသို့ သွားရောက်ပြီး၊ မြန်မာ့ လွတ်လပ်ရေး အတွက် အရေးဆို ဆွေးနွေး ကြပါတယ်။ ဗြိတိသျှတို့က မြန်မာနိုင်ငံကို လွတ်လပ်ရေး ပေးရမယ် ဆိုရင်တောင် မြန်မာ ပြည်မကိုသာ ပေးပြီး၊ တောင်တန်း ဒေသတွေကို ဗြိတိသျှ လက်အောက်မှာဘဲ ဆက်ထားဖို့ စီစဉ်ပါတယ်။ မြန်မာ ကိုယ်စားလှယ် အဖွဲ့က မြန်မာ တစ်နိုင်ငံလုံး လွတ်လပ်ရေး ကိုသာ တောင်းဆို ပါတယ်။ အဲဒါကြောင့် တိုင်းရင်းသား လူမျိုးစုတွေရဲ့ ဆန္ဒ သဘောထားဟာ အရေးကြီး လာပါတယ်။

ရဲဘော်တို့-
အဲဒီကာလမှာ ရှမ်းစော်ဘွား များနဲ့ ရှမ်းပြည် လူထု ခေါင်းဆောင် များဟာ နိုင်ငံရေး နိုးကြားလာ ကြတဲ့ အတွက်၊ အနာဂတ် ရှမ်းပြည် ပါဝင်ရမယ့် အခန်းကဏ္ဍကို (၁၉၄၆) ခုနှစ် ပင်လုံမြို့မှာ ဆွေးနွေး ကြပါတယ်။ အဲဒီ ညီလာခံသို့ ဦးနု၊ ဦးစော တို့လဲ တက်ရောက် ကြတယ်။ ရှမ်းနဲ့ ဗမာ တိုင်းရင်းသား အချင်းချင်း သွေးကွဲအောင်၊ ဗြိတိသျှ အစိုးရက ဖန်တီးပြီး၊ အုပ်ချုပ်တဲ့ အတွက် သံသယတွေ ဖြစ်ကြရ တယ်လို့ ဦးနုက ဗြိတိသျှ အစိုးရကို ကောင်းကောင်း ဝေဖန် သွားတယ်။ သမိုင်းမှာ ရှမ်းနဲ့ ဗမာတို့ အပြန်အလှန် အကူအညီ ပေးတဲ့ သာဓကတွေ ကိုလဲ ထောက်ပြ သွားတယ်။ လွတ်လပ်ရေး အတွက် လက်တွဲ ဆောင်ရွက် ကြဖို့လဲ တိုက်တွန်း သွားတယ်။ အဲဒီမှာ ရှမ်း-ဗမာ ချစ်ကြည်ရေး အဖွဲ့ကို ဦးစော ကဥက္ကဌ၊ စပ်ရွှေသိုက်က အတွင်းရေးမှူး အဖြစ် အဆို တင်ကြပြီး ဖွဲ့စည်း လိုက်ကြ သေးတယ်။
ဒါပေမယ့် ဗိုလ်ချုပ် ခေါင်းဆောင်တဲ့ မြန်မာ ကိုယ်စားလှယ်အဖွဲ့ လန်ဒန်သွားပြီး အောင်ဆန်း- အက်တလီစာချုပ်ဖို့ ဆွေးနွေး ညှိနှိုင်းကြတဲ့အခါ၊ ရှမ်းစော်ဘွား များက၊ ရှမ်းကိုယ်စားလှယ် မပါလို့ မကျေနပ်ဘူး။ ဒါကြောင့် ဗိုလ်ချုပ်ဟာ ရှမ်းများရဲ့ ကိုယ်စားလှယ် မဟုတ်ကြောင်း၊ ဗြိတိသျှ အစိုးရထံ သံကြိုး ရိုက်လိုက်တယ်။ ဗိုလ်ချုပ်တို့ အတော်ကလေး ကသိ ကအောင့် ဖြစ်သွား ရတာ ပေါ့။ သို့သော် တပြိုင်နက် တည်းမှာဘဲ ရှမ်းပြည်လူထု ခေါင်းဆောင်များက၊ လူထု အစည်းအဝေး ခေါ်ပြီး၊ လူထု ဆုံးဖြတ်ချက် အနေနဲ့၊ ဗိုလ်ချုပ်သည် ရှမ်းပြည် လူထုရဲ့ ကိုယ်စားလှယ် အဖြစ် အသိအမှတ် ပြုကြောင်း သံကြိုး ပို့လိုက် ပါတယ်။ အဲဒါကြောင့် ဗိုလ်ချုပ်တို့ နေသာ ထိုင်သာ ဖြစ်သွား ရတယ်။ လန်ဒန် ဆွေးနွေးပွဲ ဆုံးဖြတ်ချက်က- ရှမ်းတို့ ကျင်းပမယ့်၊ ဒုတိယ ပင်လုံ ညီလာခံသို့ အားလုံး တက်ရောက် ညှိနှိုင်း ကြဖို့၊ ဗြိတိသျှ အစိုးရက စီစဉ်ပေးမှာ ဖြစ်တယ်။
ပင်လုံ ညီလာခံကြီးသို့ ရှမ်း-ချင်း-ကချင် -ဗမာ ကိုယ်စားလှယ်များ အပြင်၊ ဗြိတိသျှ အစိုးရ ကိုယ်စားလှယ်များ အဖြစ်၊ ကိုလိုနီ ဆိုင်ရာ ဒုဝန်ကြီး(မစ္စတာဘော်တွန်လေ)နဲ့ မြန်မာနိုင်ငံ ဆိုင်ရာ ရုံးမှ (မစ္စတာ-လိတ်ဝိတ်) တို့လဲ တက်ရောက် ကြပါတယ်။ ညီလာခံကြီးမှ လွတ်လပ်ရေးကို အတူတကွ ရယူရန် သဘောတူ ဆုံးဖြတ် လက်မှတ် ထိုးလိုက် ကြတယ်။ အဲဒါအပြင် အခြားသော မြန်မာ လူမျိုးစု တို့ရဲ့ ဆန္ဒကို သိရအောင် ဗြိတိသျှ အစိုးရက စုံစမ်းရေး ကော်မရှင် ဖွဲ့ပြီး တွေ့ဆုံ မေးမြန်း စေပါတယ်။ (မစ္စတာရီးစ်ဝီလျံ)ကို ဥက္ကဌ အဖြစ် ခန့်ပြီး မြန်မာ ကိုယ်စားလှယ်များ ပါဝင်တဲ့ ကော်မရှင် ဖြစ်ပါတယ်။ ကော်မရှင်အဖွဲ့ကို ရန်ကုန်မြို့ရယ်၊ မေမြို့မှာ ရုံးစိုက်ပြီး အနယ်နယ် အရပ်မှ တိုင်းရင်းသား များကို ဖိတ်ခေါ် မေးမြန်းတာ ဖြစ်တယ်။ တိုင်းရင်းသား များက လွတ်လပ်ရေးကို အတူ တကွ ယူကြမည်ဟု ဆုံးဖြတ်သည်။ ထိုအောင်မြင်တဲ့ ပင်လုံ စာချုပ်ကို အစွဲပြုပြီး၊ ပြည်ထောင်စု နေ့ရယ်လို့၊ မြန်မာ့ လွတ်လပ်ရေး သမိုင်းမှတ်တိုင် တစ်ခုအဖြစ် သတ်မှတ် လိုက်ပါတယ်။
ရဲဘော်တို့-
ပင်လုံ သဘော တူညီချက်ကို လွယ်လွယ် ကူကူ ရထား တာလားလို့ မေးရင်၊ မဟုတ်ပါဘူး။ မလွယ်ကူပါဘူး။ ဗိုလ်ချုပ်တို့ ရန်ကုန် ရောက်ပြီး၊ ပင်လုံသို့ မသွားခင်မှာ၊ ဗိုလ်ချုပ်က ညီလာခံမှာ သဘော တူညီချက် ရမယ်လို့ မထင်ကြောင်း ထုတ်ပြော ပါသေးတယ်။ ဗြိတိသျှ ကိုယ်စားလှယ် များက၊ မြန်မာ နိုင်ငံအပေါ် စေတနာ ရှိကြပါတယ်။ သူတို့ကလဲ ဝိုင်းဝန်း ကူတယ်။ ရှမ်းပြည် လူထု ခေါင်းဆောင် များကလဲ၊ လူထုဆန္ဒနဲ့ ဖိအား ပေးတဲ့အတွက်၊ ပင်လုံ ညီလာခံ ကိုယ်စားလှယ်များ သဘော တူညီချက် ရသွား ပါတယ်။
ရဲဘော်တို့-
ပင်လုံ ညီလာခံကြောင့် မြန်မာ ပြည်ထောင်စု ကြီးရဲ့ လွတ်လပ်ရေးကို ငြိမ်းငြိမ်းချမ်းချမ်း ရယူ နိုင်ပေမယ့်၊ နိုင်ငံရေး ပါတီ ဂိုဏ်းဂဏ ကွဲများရဲ့ အာဏာ ပြဿနာ ပေါ်လာပါတယ်။ ပြည်သူ လူထုကြီး အနေနဲ့ လွတ်လပ်ရေးရဲ့ အရသာကို မခံစား ရခင်မှာဘဲ ပြည်တွင်း စစ်ပွဲ၊ မီးဟုန်းဟုန်း တောက်ပါတော့ တယ်။
ရဲဘော်တို့-
နိုင်ငံ တစ်နိုင်ငံမှာ နိုင်ငံသားတွေ ညီညွတ် ကြရင်၊ ငြိမ်းချမ်း သာယာမယ်။ ဖွံ့ဖြိုး တိုးတက်မယ်။ နေလို့ ထိုင်လို့ ကောင်းတဲ့ နိုင်ငံ ဖြစ်မယ်။ ဒီလိုမှ မဟုတ်ဘဲ နိုင်ငံသား အချင်းချင်း ညီညွတ်ရေး မရှိကြဘူး။ ပဋိပက္ခတွေ ဖြစ်နေ ကြမယ်ဆိုရင် အဲဒီနိုင်ငံဟာ ငြိမ်းချမ်း သာယာမှုရှိမှာ မဟုတ်ဘူး။ ဖွံ့ဖြိုး တိုးတက်မှာ မဟုတ်ဘူး။ နေလို့ထိုင်လို့ ကောင်းတဲ့ နိုင်ငံလဲ မဟုတ်တော့ ဘူးပေါ့။
ရဲဘော်တို့-
ပင်လုံ ညီလာခံကြီးရဲ့ ရည်ရွယ်ချက်ဟာ တို့တိုင်းရင်းသားတွေ ညီညွတ် ကြပြီး၊ နိုင်ငံတော်ကြီး ကို ဘယ်နည်း ဘယ်ပုံ တည်ဆောက် ကြမလဲဆိုတဲ့ ညှိနှိုင်း ဆွေးနွေး ကြတာ မဟုတ်ပါဘူး။ သီးခြား လွတ်လပ်ပြီး ကိုယ့်ကြမ္မာ ကိုယ် ဖန်တီးခွင့်ကို တောင်းကြတာပါ။ သို့သော်လဲ မိမိတို့ အားလုံး ပါဝင်တဲ့ မြန်မာနိုင်ငံ လွတ်လပ်ရေးကို အတူတကွ ရယူ လိုကြောင်း ဆိုတဲ့ အဓိက သဘော တူညီမှု ရလိုက်တာ ဖြစ်တယ်။
ရဲဘော်တို့-
နိုင်ငံမှာ မတူ ကွဲပြားတဲ့ အယူ အဆတွေ ရှိနေမှာဘဲ။ ဒါက သဘာဝဘဲ။ အဲဒီ မတူညီတာကို ညှိနှိုင်း ဆွေးနွေးပြီး၊ အဖြေရှာတဲ့ နည်းဟာ အကောင်းဆုံး နည်းလမ်း ဖြစ်တယ်။ ဒီမိုကရေစီ နည်းလမ်း လို့ခေါ်ပါတယ်။ အဲဒီမှာ အပေးအယူ လုပ်ပြီး၊ ကိုယ့်ဘက်က လျော့တန်တာလျော့၊ သူ့ဘက်က လျော့တန်တာလျော့ စိတ်ရှည်ရှည်နဲ့ ညှိနှိုင်း ကြရပါတယ်။ မိမိ လိုချင်တာမှ ဆိုတဲ့ စိတ်မျိုး ထားရှိ နေရင်တော့၊ ညှိနှိုင်းတာ မဟုတ်ဘဲ၊ တောင်းဆိုတာ မျိုးဘဲ ဖြစ်နေမယ်။ ဖြစ်သင့်တယ်၊ ဖြစ်နိုင်မယ် ဆိုတာမျိုးကို ဦးတည်တာ ဖြစ်တဲ့ အတွက်၊ ပင်လုံ ညီလာခံကြီး အောင်မြင် သွားပါတယ်။
ရဲဘော်တို့-
ဒါကြောင့် ဘာကိစ္စဘဲ ဖြစ်ဖြစ် ညှိနှိုင်း ဆွေးနွေး တော့မယ်ဆိုရင်၊ မိမိလိုချင်တဲ့ ဆန္ဒကို ရှေ့တန်းမတင်ဘဲ ကြောင်းကျိုး ဆီလျော်တဲ့ နည်းလမ်းကို ရှာဖွေသင့်ကြောင်း နားလည်ထား လိုက်ပါ။
ပြည်ထောင်စုနေ့ကြီးရဲ့ အနှစ် သာရဟာ ပြည်ထောင်စုသူ ပြည်ထောင်စု သားများ ကိုယ်တိုင် ပြည်ထောင်စုကြီး ရှင်သန်ပြီး စည်ပင် သာယာအောင် ဝိုင်းဝန်း ပြုစုကြခြင်း ဖြစ်ပါတယ်။ ဒီလမ်းညွှန်ချက် အတိုင်း ဒို့ရဲဘော် တွေလဲ လိုက်နာ ကျင့်သုံးကြမယ်လို့ အဓိဌာန်ပြုလိုက် ကြရအောင်–

(၆၈)နှစ်မြောက်ပြည်ထောင်စုနေ့
ဒီမိုကရက်တစ်ပါတီ(မြန်မာ) ကြေငြာချက်
၁။နိုင်ငံတော်၏မျှော်မှန်းချက်။
ရှေးရှေး မြန်မာ ဘုရင်များ လက်ထက်မ စ၍ မြန်မာနိုင်ငံ၏ သင်္ကေတ တံဆိပ်အဖြစ် “ ကနေသောဥဒေါင်းငှက်” ကို အသုံးပြုခဲ့ ပါသည်။ အဓိပ္ပါယ်မှာ မြန်မာ ပြည်သူတို့သည် ငြိမ်းချမ်း သာယာစွာဖြင့် ကခုန် ပျော်ရွှင် နေကြရန် ရည်မှန်းခြင်း ဖြစ်သည်။ ဒီမိုကရက်တစ်ပါတီ (မြန်မာ)ကလည်း မြန်မာနိုင်ငံ၏ သင်္ကေတ က – နေသော ဥဒေါင်းငှက် ကိုပင် အထူးပြု ထားခြင်း ဖြစ်ပါသည်။
၂။ပြည်ထောင်စုစိတ်ဓါတ်။
ပြည်ထောင်စု စိတ်ဓါတ် ဆိုသည်မှာ – ဤပြည်ထောင်စု မြန်မာ နိုင်ငံတော်ကြီးကို ပြည်ထောင်စုသား အားလုံး ပိုင်ဆိုင်သည်။ ပြည်ထောင်စုကြီး ငြိမ်းချမ်း သာယာ စေရန်နှင့် ဖွံ့ဖြိုး တိုးတက်စေရန်လည်း ပြည်ထောင်စုသား အားလုံး၏ တာဝန် ဖြစ်သည်။ ပြည်ထောင်စုကြီးကို ချစ်မြတ်နိုး ကြရပါမည်။
၃။ ပြည်ထောင်စုငြိမ်းချမ်းရေး။
ပြည်ထောင်စု မြန်မာ နိုင်ငံတော်ကြီး ငြိမ်းချမ်း သာယာနေလျှင် ပြည်သူတို့ ဝမ်းမြောက် ရွှင်လန်း ကြပါမည်။ မငြိမ်းချမ်းဘဲ သေနတ်သံ၊ အမြောက်သံ၊ အော်သံ၊ ငိုသံများ ပွက်လော ရိုက်နေပါက မည်သို့မျှ ပျော်ရွှင် နိုင်မည် မဟုတ်ပါ။ သို့ဖြစ်၍ ယခုအခါ အရေး အကြီးဆုံး ဖြစ်နေသော အပစ်အခတ် ရပ်စဲရေး တာဝန်နှင့် ငြိမ်းချမ်းရေး တာဝန် တို့ကို မဖြစ်မနေ ဆောင်ရွက် ကြရမည် ဖြစ်သည်။ ဒီမိုကရက်တစ်ပါတီ(မြန်မာ) က ပြည်ထောင်စုကြီး ငြိမ်းချမ်းရန် အတွက် ဝိုင်းဝန်းကြိုးပမ်းမည်။
၎။ နိုင်ငံရေးလွတ်လပ်ခွင့်။
လွတ်လပ်ခြင်းကို မည်သူမဆို လိုလား ကြမည် ဖြစ်သည်။ သို့သော် လွတ်လပ်ခြင်းနှင့် အတူ တာဝန်နှင့် ကိုယ်ချင်းစာ သိတတ်မှုလည်း ပူးတွဲရှိရန် လိုအပ်ပါ၏။ သို့မှသာ လွတ်လပ်ခြင်းကို အားလုံး ကျေနပ် နိုင်ကြမည် ဖြစ် သည်။ လွတ်လပ်ခြင်းဖြင့် ကိုယ်စွမ်း ရှိသမျှ၊ ဥာဏ်စွမ်း ရှိသမျှ နိုင်ငံနှင့် ပြည်သူတို့ အကျိုးကို ဆောင်ရွက် နိုင်ကြမည် ဖြစ်သည်။ မိမိ၏ လွတ်လပ်မှုသည် အများ အတွက် အကျိုးရှိလျှင် ထိုလွတ်လပ်မှုကို အသုံးချပါ။ မရှိလျှင် အများကို ထိခိုက်မည် ဖြစ်၍ ရှောင်ရှားသင့်သည်။ နိုင်ငံရေး အာဏာကို ရယူလိုလျှင်လည်း ပြည်သူ လူထု၏ မဲဆန္ဒ ဖြင့်သာ ရယူ ပါ။ လက်နက်ကိုင် အကြမ်းဖက် နည်းကို အသုံးမချပါနှင့်။
၅။ ပြည်ထောင်စုစီးပွါးရေး။
နိုင်ငံ၏ စီးပွါးရေးသည် မြန်မာ နိုင်ငံသားများ၏ လက်တွင်း၌ ရှိရပါမည်။ ထိုသို့ ဖြစ်စေရန် ပြည်သူများ ကိုယ်တိုင် အထူး ကြိုးပမ်းဖို့ လိုအပ်သည်။ နိုင်ငံ၏ စီးပွါး ခေတ်မီ ဖွံ့ဖြိုး တိုးတက် စေရန် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုကို ဖိတ်ခေါ် ရမည်လည်း ဖြစ်၏။ ထို့ကြောင့် မြန်မာ့ စီးပွားရေး လောကကို တိုင်းတစ်ပါးသားတို့ လွှမ်းမိုး သွားလျှင်၊ မြန်မာ့ လွတ်လပ်ရေးသည် အဓိပ္ပါယ် ကင်းမဲ့ သွားလိမ့်မည်။ စီးပွားရေး ဆိုသည်မှာ နိုင်ငံ၏ သံယံဇာတ ပစ္စည်းများကို စားသုံးကုန် ပစ္စည်းများ အဖြစ် ထုတ်လုပ် ရာ၌ လည်းကောင်း၊ ထွက်ရှိလာသည့် ကုန်ပစ္စည်းများကို ဒေသ အသီးသီးသို့ သယ်ယူ ပို့ဆောင်ရာ၌ လည်းကောင်း၊ စားသုံးသည့် ပြည်သူတို့၏ လက်တွင်း ရောက်ရှိရန် ဖြန့်ဖြူးရေး လုပ်ငန်း၌ လည်းကောင်း၊ ငွေကြေး အသုံးပြုရသည့် ဘဏ်လုပ်ငန်း၌ လည်းကောင်း၊ ပြည်သူတို့ လက်တွင်း၌ ရှိရန် လိုအပ်ပါသည်။
ထို့ကြောင့် စီးပွားရေးကို ငွေကြေး ဓန ချမ်းသာ သူတို့က လက်ဝါးကြီး အုပ်ခြင်း မရှိစေဘဲ၊ အကြံသစ် ဥာဏ်သစ် စီးပွားရေး သမားများလည်း အခွင့်အရေး ရှိစေရန်။
ပြည်သူများ အတွက် အရေးကြီးသော ကုန်ပစ္စည်း ဖြစ်သော်လည်း ငွေကြေးရှင်တို့ စိတ်မဝင်စားသော လုပ်ငန်း မျိုးကို အစိုးရက တာဝန်ယူ တည်ဆောက်ရန်။
ပုဂ္ဂလိက၊ အစိုးရ၊ သမဝါယမ၊ ဖက်စပ် လုပ်ငန်း နည်းအားဖြင့် ပြိုင်ဆိုင် လုပ်ကိုင်မှ ပြည်သူအများ ပါဝင်နိုင်၍ အကျိုးပိုမို ဖြစ်ထွန်း နိုင်ပါမည်။
၆။ မှောင်ခိုကုန်တရားခံ ဖော်ထုတ်လော့။
မြန်မာနိုင်ငံသည် ကျယ်ပြန့်စွာရှိ၏။ တရုတ် – ထိုင်း- ဘန်ဂလားဒေရှ်၊ အိန္ဒိယ နယ်စပ်တို့၌ လူဦးရေ နဲ၍ သယံဇာတ ကြွယ်ဝသော မြန်မာ နိုင်ငံက များစွာ နစ်နာသည်။ တိုင်းတပါးမှ လူမသမာများနှင့် မြန်မာ လူဆိုးများ ပူးပေါင်း၍ မြန်မာ့ သယံဇာတများကို ခိုးထုတ်ကြ၏။ သစ်တုံးကြီးများ၊ ဓါတ်သတ္တုများ၊ ကျောက်မျက် ရတနာများ စသည် တို့ကို ထရပ် ကားကြီးပေါင်း များစွာဖြင့် ဖမ်းဆီးရမိသည် များလည်းရှိ၏။ ဖမ်းမမိသည်က ပို၍များပေလိမ့်မည်။ ထိုပြစ်မှု ကျူးလွန် သူများကို ပွင့်ပွင့် လင်းလင်း ဖေါ်ထုတ် အရေးယူ သင့်ပါသည်။ ပြည်သူ့ ပစ္စည်း၊ ပြည်သူ့ဘဏ္ဍာ နစ်နာခြင်း ဖြစ်၍ အရေးယူပြီး ပြည်သူကို အသိပေးရန် ဒီမိုကရက်တစ်ပါတီ(မြန်မာ)က အလေး အနက် တိုက်တွန်း ပါသည်။
၇။ ဝှိုက်ကဒ်ကို ကန့်ကွက်သည်။
လူဦးရေ နဲသော မြန်မာ နိုင်ငံသည် လူဦးရေ ထူထပ်သော နိုင်ငံများ ကြားတွင် တည်ရှိနေရာ၊ သဘာဝ အားဖြင့် လူဦးရေ ပြဿနာ ရှိမည်ဖြစ်၏။ အင်္ဂလိပ်ခေတ် (၁၉၃၀) ခုနှစ် သန်းခေါင် စာရင်းအရ၊ အင်္ဂလိပ် တို့ကြောင့်၊ မြန်မာနိုင်ငံ လူဦးရေ (၁၅) သန်း ရှိသည့် အနက်၊ အိန္ဒိယ နိုင်ငံသား (၁.၁) သန်း ရှိခဲ့ဖူး၏။ (၁၉၅၇) ခုနှစ်၌ (လဝက) ကင်းစခန်း (၄၅)နှင့် စုံစမ်းရေးအဖွဲ့ (၃) ဖြင့် တရားမဝင် ကျူးကျော် လူသူများကို ကြပ်မတ် ထိန်းသိမ်း နိုင်ခဲ့သည်ဆို၏။ (၁၉၆၂) ခုနှစ်မှ စ၍ ကျူးကျော်သူ ဟန့်တားရေး ဗျူဟာကို လုံးဝ ဂရုမစိုက် သဖြင့် ဗူးသီးတောင် မောင်းတော၊ ရသေ့တောင် ဒေသ၌ ထောင်ဂဏန်းရှိ ဘန်ဂါလီ လူဦးရေမှာ (၁၉၇၂) ခုနှစ်တွင် မောင်းတော တစ်မြို့တည်း (၂)သိန်း ကျော် ရှိလာသည်။
လုပ်ကိုင် စားသောက်ရ လွယ်ကူသော မြန်မာ နိုင်ငံထဲသို့ အနေအထိုင် ခက်ခဲသော နိုင်ငံများမှ ခိုးဝင် ကျူးကျော် လာမည်ဖြစ်၏။ မြန်မာ နိုင်ငံသည်ပင် မတည်မငြိမ် စစ်မက် ဖြစ်ပွားစဉ်က ထိုင်းနှင့် အခြား နိုင်ငံများသို့ ရောက်သွားသူ သန်းချီရှိ၏။ ယခုအခါ မြန်မာ နိုင်ငံသို့လည်း မြောက်ဘက်မှ တရုတ်များသည် လည်းကောင်း၊ အနောက် တောင်ဘက်မှ ဘန်ဂါလီများသည် လည်းကောင်း တရားမဝင် ကျူးကျော်လျှက် ရှိသည်။ ၎င်းတို့အား နိုင်ငံသား ပေးသင့် သူများကို ဥပဒေ အရ ပေးရမည် ဖြစ်၏။ နိုင်ငံသား မဖြစ် နိုင်သူများကို နိုင်ငံသား မဟုတ်ကြောင်း ကြေညာ ရမည် ဖြစ်သည်။
ယခင် ရွေးကောက်ပွဲ ကာလများ၌ ၎င်းတို့သည် နိုင်ငံသားဟုတ် မဟုတ် မစီစစ် နိုင်သေးဘဲ ရှိသဖြင့် ဝှိုက်ကဒ် ထုတ်ပေးကာ မဲပေး ခွင့် ပြုခဲ့သည်။ ယခုအခါ (လဝက) ဌာနမှ နိုင်ငံသား စီစစ် ပေးပြီး ဖြစ်၍ ဝှိုက်ကဒ် ဆိုသည်မှာ အဓိပ္ပါယ် မရှိတော့ပါ။ ဝှိုက်ကဒ် ဖြင့် မဲပေးခြင်း ခွင့် မပြု သင့်ကြောင်း ဒီမိုကရက်တစ်ပါတီ(မြန်မာ)မှ သဘောထား ထုတ်ပြန် ပါသည်။

(၆၇) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား။

ဤအာဇာနည်နေ့ အခမ်းအနားကြီးသို့၊ ကြွရောက်ချီးမြှင့်အားပေးကြကုန်သော ဂုဏ်သရေရှိလူကြီးမင်းများ အားလုံးကို ကျေးဇူးတင်ပါသည်။ အထူးသဖြင့် ဒီအခမ်းအနားကြီးမှာ သိသင့်သိထိုက်တဲ့၊ သိကောင်းစရာ ဗဟုသုတများကို လာရောက်ဖြန့်ဖြူးတဲ့၊ စာရေးဆရာကြီး ဦးကျော်ဝင်းကိုလဲ များစွာကျေးဇူးတင်ပါတယ်။

လူကြီးမင်းများခင်ဗျာ -
အာဇာနည်နေ့ဆိုတာကို ဗိုလ်ချုပ်အောင်ဆန်းရယ်၊ ဗိုလ်ချုပ်နဲ့အတူ ကျဆုံးသွားကြတဲ့ ခေါင်းဆောင်ကြီး များသက်သက်ကိုသာ အမှတ်တရသတ်မှတ်ထားတဲ့ နေ့မဟုတ်ပါဘူး။ မြန်မာနိုင်ငံရဲ့ သမိုင်းတလျှောက် စွန့်လွှတ် စွန့်စား ဆောင်ရွက်ခဲ့ကြတဲ့ အာဇာနည်သူရဲကောင်းများ အားလုံးကိုရည်စူးပြီး၊ သတ်မှတ်ထားတဲ့နေ့ဖြစ်ပါတယ်။ ဗိုလ်ချုပ်တို့ ကျဆုံးတဲ့နေ့ကတော့၊ ပိုပြီးတော့ထင်ရှားတဲ့အတွက်၊ အာဇာနည်ကြီးများ အားလုံးရဲ့ ကိုယ်စားသတ် မှတ်ခဲ့ခြင်းဖြစ်ပါတယ်။

လူကြီးမင်းများခင်ဗျာ -
မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာဆုံးရှုံးသွားတဲ့ အချိန်မှစပြီး၊ တိုင်းချစ်ပြည်ချစ်၊ မျိုးချစ်ပုဂ္ဂိုလ်တွေ ဖြစ်တဲ့ ချင်းတောင်၊ ရခိုင်ပြည်၊ ကချင်ပြည်၊ ရှမ်းပြည်အထက်ပိုင်း မြန်မာနိုင်ငံအနှံအပြားမှ ဗြိတိသျှနယ်ချဲ့သမားကို လက် နက်စွဲကိုင် တိုက်ခိုက်ခဲ့ကြပါတယ်။ တော်လှန်သူ (၂) သောင်းခန့်ရှိတယ်လို့ အင်္ဂလိပ်တို့က ဆိုပါတယ်။ အင်္ဂလိပ်ကလဲ စစ်သား (၅) သောင်းအထိသုံးပြီး၊ (၇) နှစ်ကြာနှိမ်နင်းခဲ့ရတယ်လို့ ဆိုပါတယ်။
အခြားနိုင်ငံရေးနည်း၊ ဘာသာရေးနည်း၊ စာပေအနုပညာနည်း၊ မီဒီယာနည်း၊ စတဲ့နည်းမျိုးစုံနဲ့ လွတ်လပ် ရေးပြန်လည်ရဖို့ ကြိုးစားကြပါတယ်။ အဲဒီအာဇာနည် သူရဲကောင်းများကို ကျနော်တို့ အမှတ်တရ ရှိကြတယ်။ အခု လို အခမ်းအနားကျင်းပပြီး ဂုဏ်ပြုခြင်းဟာ၊ ဂုဏ်ပြုထိုက်သူများကို ဂုဏ်ပြုကြတာဖြစ်တယ်။
နယ်ချဲ့သမားကို ဖိန့်ဖိန့်တုန်ကြောက်နေရတဲ့ အချိန်မှာ ဆရာတော်ဦးဥတ္တမက “ဘုရင်ခံကရက်ဒေါက်၊ မြန် မာပြည်မှထွက်သွား” လို့ပြောလိုက်တဲ့ စကားမျိုး၊ ဆရာတော်ဦးဝိစာရရဲ့ “အင်္ဂလိပ်လဲလူဘဲ။ မြန်မာလဲလူဘဲ၊ လူ လူချင်း ကြောက်စရာမလိုဘူး၊ မကြောက်နဲ့ ” ဆိုတဲ့ရဲရဲတောက်စကားတွေဟာ မြန်မာတို့ရဲ့ ဇာတိသွေးဇာတိမာန် ကို နှိုးဆွပေးလိုက်သလိုဖြစ်ပါတယ်။
လယ်မဲ့၊ ယာမဲ့၊ ပစ္စည်းမဲ့နေတဲ့ တောင်သူလယ်သမားတို့ရဲ့ ဘဝဆိုးမှ ရုန်းထွက်နိုင်ဖို့၊ လယ်သမားသူပုန်ထ ခဲ့တဲ့ ဆရာစံလိုအာဇာနည်သူရဲကောင်းမျိုး။
အရင်းရှင်တို့ရဲ့ မတရားဖိနှိပ်မှုကို အလူးအလဲခံနေကြရတဲ့ အခြေအနေမျိုးရောက်နေကြောင်း၊ တစ်နိုင်ငံလုံးသိအောင်၊ မိုင် (၄၀၀) ကျော်ခရီးကို လမ်းလျှောက်ဆန္ဒပြကြတဲ့၊ သခင်ဖိုးလှကြီးတို့လို အာဇာနည် သူရဲကောင်းမျိုး၊

ကျောင်းသားသပိတ်အစရှိတဲ့ သပိတ်တိုက်ပွဲတွေ၊ အင်္ဂလိပ်တော်လှန်ရေး၊ ဂျပန်တော်လှန်ရေး အောင်မြင် အောင် ဆင်နွဲနိုင်ခဲ့ကြပါတယ်။ အဲသလို အဆင့်ဆင့် တိုက်ပွဲတွေဆင်နွဲလာတာကြောင့်၊ ဗိုလ်ချုပ်အောင်ဆန်းတို့ ခေါင်းဆောင်တွေ၊ နောက်ဆုံးအဆင့် လွတ်လပ်ရေးတိုက်ပွဲကို လုပ်နိုင်ကြတာဖြစ်တယ်။ ဒါတောင် အဆုံး မသတ်နိုင်ခင်၊ လုပ်ကြံခံလိုက်ကြရတယ်။ ဆက်လက်တာဝန်ယူတဲ့ ဦးနုနဲ့ (ဖဆပလ) ခေါင်းဆောင်များဟာလဲ၊၊ အန္တရာယ် အင်မတန်ကြီးတဲ့အလုပ်ကို ရဲရဲဝံ့ဝံ့ ထမ်းဆောင်လိုက်ကြတာပါ။

လူကြီးမင်းများခင်ဗျား -
၁။ ဒီနေရာမှာ ဗိုလ်ချုပ်ဟာ – ထူးထူးခြားခြား၊ ရဲရဲဝံ့ဝံ့ အများနဲ့မတူ၊ စွမ်းဆောင်နိုင်ခဲ့တာကို ပြောပြမယ်။ အတု ယူသင့်တာကို ယူရမယ်။
၂။ သူ့မှာစွဲမြဲတဲ့ ယုံကြည်ချက်က ရှိနေတယ်။ နယ်ချဲ့အစိုးရလက်ထဲမှ မြန်မာ့လွတ်လပ်ရေးကို လက်နက် ကိုင်တော်လှန်ရေးနည်းနဲ့မှ ရမယ်ဆိုတဲ့ယုံကြည်ချက်ဘဲ။
၃။ တော်လှန်ရေးအတွက် တော်လှန်ရေးရဲဘော်များအဖြစ်၊ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များကို တွဲခေါ် စည်းရုံးထားတယ်။
၎။ နိုင်ငံရေးခြေလှမ်းတဲ့အခါ၊ တို့ဗမာအစည်းအရုံး သခင်ပါတီထဲဝင်တယ်။ သခင်ပါတီဟာ ရာထူး – အာဏာ – အခွင်းအရေးတို့ကို လုံးဝပယ်တယ်။ နယ်ချဲ့ ဆန့်ကျင်ရေးကို ပြတ်ပြတ်သားသားလုပ်ပြီး၊ တို့ဗမာသီချင်းနဲ့ အမျိုးသားစိတ်ဓါတ်ကို လှုံ့ဆောင်ပေးတယ်။ လူထုကို စည်းရုံးနိုင်လို့ဖြစ်တယ်။
၅။ သခင်ပါတီထဲဝင်တဲ့ အချိန်မှာ သခင်ခေါင်းဆောင်တွေ စိတ်ဝမ်းကွဲနေပြီ။ မျက်နှာချင်းဆိုင်လို့တောင် မရကြတော့ဘူး။ မကြာခင် – သခင်ပါတီ ၂ – ခြမ်းကွဲသွားတယ်။ ဆိုလိုတာက – ဗိုလ်ချုပ်တို့ သခင်ပါတီထဲဝင် ခြင်းဟာ၊ ပါတီကြီးအောင်မြင်နေလို့၊ ပါတီကိုအမှီပြုချင်တဲ့အတွက် ဝင်တာမဟုတ်၊ အမျိုးသားစိတ်ဓါတ်လှုံ့ ဆော်ပေးနိုင်အောင် ကိုယ်တိုင်ကြိုးစားကြဖို့ပါ။ အချောင်သမားမဟုတ်။ ကိုယ့်အားကိုယ်ကိုးစိတ်ရှိတယ်။
၆။ ဒေါက်တာဗမော်နဲ့ပေါင်းပြီး၊ ဗမာ့ထွက်ရပ်ဂိုဏ်းဖွဲ့တဲ့ကိစ္စ။ အင်မတန် စွန့်စားရတဲ့အလုပ်ပါ။ လပိုင်းလောက် ဘဲရှိသေးတယ်။ ဒေါက်တာဗမော်ဟာ ဝန်ကြီးချုပ်အနေနဲ့ ဗိုလ်အောင်ကျော် ကျဆုံးသွားတဲ့ ကျောင်းသား လှုပ်ရှားမှုကို နှိမ်နင်းခဲ့တယ်။ ဒါကြောင့် – ဒေါက်တာဗမော်ကို ကျောင်းသားတွေ၊ သခင်တွေ၊ ပြည်သူတွေက မုန်းတီးသွားကြတယ်။ ဒေါက်တာဗမော်ရာထူးမှ ပြုတ်ကျသွားအောင် ဝိုင်းတိုက်တဲ့ထဲမှာပါလို့၊ ဒေါက်တာဗ မော်ကလဲ မကျေနပ်ဖူး။ အပြန်အလှန်ဆန့်ကျင်ကြတာပါ။ အဲဒီဒေါက်တာဗမော်နဲ့ သွားပေါင်းတယ်ဆိုတော့ – သခင်ပါတီက လက်မခံဘဲ၊ ဗိုလ်ချုပ်ကို ဝေဖန်တိုက်ခိုက်ကြတယ်။ အတော်ကိုကြိုးစားပြီးမှ ဗမာ့ထွက်ရပ် ဂိုဏ်းကို ဖွဲ့နိုင်တာပါ။
၇။ ဗိုလ်ချုပ် ဒေါက်တာဗမော်နဲ့ ပေါင်းရခြင်းအကြောင်းက၊ ဂျပန်ဆီက လက်နက်အကူအညီရချင်လို့။ ဒေါက်တာဗမော်က ဂျပန်နဲ့ သိကျွမ်းတယ်။ ဒါကြောင့်ဂျပန်နဲ့ အဆက်အသွယ်ရတာပေါ့။
၈။ ဂျပန်နဲ့ဆက်ရတာကလဲ မလွယ်ဘူး၊ စွန့်စားရတာဘဲ။ ဟိုကာလနိုင်ငံရေးသမားတွေက မာ့စ်ဝါဒကို လေ့ လာပြီး၊ နယ်ချဲ့အရင်းရှင် ဆန့်ကျင်တဲ့တော်လှန်ရေးဝါဒဖြစ်လို့ ကြိုက်ကြတယ်။ ဂျပန်ကဖက်ဆစ်ဆိုတော့ မကြိုက်ကြဘူး။
၉။ တရုတ်ကွန်မြူနစ်ဆီက အကူအညီလိုချင်ကြတယ်။ ဝါဒချင်းတူတယ်။ အင်္ဂလိပ်ကိုတိုက်တာချင်းလဲ တူတယ်။ နယ်စပ်ချင်းက ဆက်နေတော့ ဆက်သွယ်ရလွယ်တယ်။ တရုတ်ကွန်မြူနစ်က ကူလိမ့်မယ်လို့ မျှော် လင့်တယ်။
ဒါပေမယ့် – တရုတ်ကွန်မြူနစ်က အာဏာရသေးတာလဲမဟုတ်၊ သူတို့ကိုယ်တိုင်တော်လှန်နေရတော့ -ကူ ဖို့မလွယ်ပါဘူး။
သခင်နုက ချစ်ကြည်ရေးမစ်ရှင်နဲ့ တရုတ်ပြည်ရောက်ခိုက်၊ ကွန်မြူနစ်ခေါင်းဆောင်များနဲ့ ဆက်သွယ်ပြီး၊ အကူရဖို့ကြိုးစားသေးတယ်။ မရပါဘူး။ ကျောင်းသားခေါင်းဆောင်တွေက ဆက်ကြိုးစားစေချင်တယ်။ ဗိုလ် ချုပ်နဲ့ သခင်ကျော်စိန်ကို လွှတ်တယ်။ မအောင်မြင်ပါဘူး။
၁၀။ ဒေါက်တာဗမော်တို့ စီစဉ်ပေးချက်အရ၊ ဗိုလ်ချုပ်ဂျပန်ကောင်စစ်ဝန်နဲ့ တွေ့တယ်။ နိုင်ငံခြားခိုးထွက်ဖို့ဟာ – ရန်ကုန်မှမလွယ်။ အမွိုင်ကိုသွား၊ အမွိုင်မှ ဂျပန်ပို့ပေးမယ်ပြောပါတယ်။
၁၁။ အိန္ဒိယချန်ဒရာဘို့စ်က ဂျာမနီမှ အကူအညီသွားတောင်းတော့ – ဗိုလ်ချုပ်က ဂျပန်အကူအညီယူဖို့ ဆုံးဖြတ်ဟန်တူတယ်။
ဗိုလ်ချုပ်နဲ့ ဗိုလ်ရန်အောင် အမွိုင်ထွက်သွားတဲ့အခါ၊ ဂျပန်ဆီသွားတာဖြစ်ပေမယ့်၊ ကြိုတင်စီစဉ်ခြင်းမလုပ် နိုင်ခဲ့ဘူး။ အမွိုင်သွားတာ – တရုတ်ဘဲဖြစ်ဖြစ်၊ ဘယ်သူ့ဆီကဘဲဖြစ်ဖြစ် လက်နက်ရဖို့ဆိုပြီး – ရဲဘော်တွေ ကျေနပ်အောင် သတင်းဖြန့်ရတယ်။ ဗိုလ်ချုပ်က လက်တွေ့သမား၊ စိတ်ကူယဉ်နေသူမဟုတ်။
၁၂။ ဗိုလ်ချုပ်တို့ဂျပန်ပြည်ရောက်သွားတယ်။ ဂျပန်ခေါင်းဆောင်များနဲ့ ဆွေးနွေးပြီး၊ ရဲဘော်သုံးကျိပ် စစ်သင် တန်းတက်ရေး စီမံကိန်းဆွဲတယ်။ မြန်မာနိုင်ငံပြန်လာပြီး၊ လုပ်ဖေါ်လုပ်ဖက်ခေါင်းဆောင်များနဲ့ စီစဉ်တယ်။
၁၃။ ဗန်ကောက်မှာ (ဘီအိုင်အေ) ဖွဲ့ပြီး၊ ဂျပန်နဲ့ပူးတွဲ မြန်မာပြည်သိမ်းတယ်။ တပ်မတော်ကိုကြီးထွားအောင် လုပ်ပြီး၊ စစ်ဝန်ကြီးအနေနဲ့ တပ်ကိုဦးဆောင်တယ်။
၁၄။ ဗိုလ်ချုပ်ဟာဂျပန်ကြောင့် တပ်မတော်ခေါင်းဆောင်ကြီးလဲ ဖြစ်လာတယ်။ ဂျပန်ဘုရင်ရဲ့ အမြင့်ဆုံးဆုတံ ဆိပ်ကိုလဲရပါတယ်။ အဲသလိုအခြေအနေမှာ ဂျပန်ကို ပြန်တော်လှန်ဖို့ခက်မှာဘဲ။
၁၅။ လွတ်လပ်ရေးရအောင် ဆက်လက်ခေါင်းဆောင်နိုင်ဖို့ဆိုရင်၊ ဂျပန်ကို တော်လှန်ရမှာဖြစ်လို့ တော်လှန် တယ်။ ဒါလဲစွန့်စားခြင်းတစ်ရပ်ဖြစ်တယ်။
၁၆။ အားလုံးပါဝင်ခဲ့တဲ့ (ဖဆပလ) တပ်ပေါင်းစုကြီးကိုဖွဲ့တယ်။ အောင်ဆန်း – အက်တလီစာချုပ်ချုပ်နိုင်တယ်။
၁၇။ လူထုထောက်ခံမှုရတဲ့ ခေါင်းဆောင်ဖြစ်နေတဲ့အတွက် ပင်လုံစာချုပ်လဲချုပ်နိုင်ခဲ့တယ်။ ရွေးကောက်ပွဲကျင်း ပပြီး၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေလဲ ရေးဆွဲနိုင်ခဲ့တယ်။
၁၈။ လွတ်လပ်ရေးကြီး လက်တကမ်းလောက်အလိုမှာ၊ အလားအလာအလွန်ဘဲ ကောင်းနေပါပြီ။ အကယ်၍ များ နိုင်ငံခေါင်းဆောင်တွေ အားလုံးညှိနှိုင်းတိုင်ပင်ပြီး၊ မြန်မာနိုင်ငံကြီးကို တည်ဆောက်နိုင်ခဲ့ကြမယ်ဆိုရင်၊ မြန်မာလူမျိုးတွေ ကမ္ဘာ့အလယ်မှာ ဂုဏ်တင့်နေပြီပေါ့။
၁၉။ အာဏာရမက်ဟာ ကြောက်စရာကောင်းပါတယ်။ အဲဒီအာဏာဆိပ်ဦးနှောက်ထဲ ရောက်သွားတဲ့ဦးစော ဟာ မကြံအပ်မစည်အပ်၊ နိုင်ငံတော်လုပ်ကြံမှုကြီးကို ရက်ရက်စက်စက် ကျူးလွန်လိုက်ပါတယ်။
၂၀။ အာဏာဟာမိမိကိုယ်ကိုလဲ ပျက်စီးစေပါတယ်။ တိုင်းပြည်ကြီးကိုလဲ နစ်နာဆုံးရှုံးစေပါတယ်။ ပြည်သူတွေ ကိုလဲ ဒုက္ခရောက်စေပါတယ်။ ဒါကြောင့် – အာဏာအဆိပ်ငယ်ထိပ် မရောက်ကြပါစေနဲ့လို့၊ ဟောဒီ (၆၇) နှစ် မြောက် အာဇာနည်နေ့ အခမ်းအနားကြီးမှ အားလုံးကို သတိပေးပါတယ်။